ထောင့်ကန်ဘောမလုပ်ဘဲ ဟ ပေးလိုက်တဲ့ မက်ဂွိုင်းယားကြောင့် စီးတီး ဒုတိယဂိုး ရသွားတာလို့ ပရိသတ်တွေ ယုံကြည်

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားဟာ

မန်စီးတီးကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ
အိမ်ရှင်အသင်း ဒုတိယဂိုးရသွားတဲ့အနေအထားမှာ
ထောင့်ကန်ဘော အသာလေး လုပ်လိုက်လို့ရပေမယ့်
ပေါင်ကြားထဲကနေ ဟပေးလိုက်ပုံရပါတယ်။
ပွဲချိန် ၅မိနစ်မှာ စီးတီးအတွက် ကွင်းလယ်လူ

ဒီဘရိုင်းနားက ဦးဆောင်ဂိုးသွင်းသွားပြီးနောက်
ပွဲချိန် ၂၂မိနစ်မှာ ယူနိုက်တက်တောင်ပံကစားသမား
ဆန်ချိုက ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်ရဲ့အပျော်က ၆မိနစ်ပဲ
ခံခဲ့ပြီး ပွဲချိန် ၂၈ မိနစ်မှာ နောက်ခံလူ မက်ဂွိုင်းယားရဲ့
ဆိုးရွားတဲ့ခံစစ်ကစားပုံကနေ ဦးဆောင်ဂိုး ပေးလိုက်ရပါတယ်။
စီးတီးတောင်ပံကစားသမား ဖိုဒန်ရဲ့ကန်သွင်းချက်ကို
ယူနိုက်တက်ဂိုးသမား ဒဟေးယား ပုတ်ထုတ်လိုက်တာဟာ

ဂိုးနဲ့ မျက်နှာချင်းဆိုင်ဖြစ်နေတဲ့ မက်ဂွိုင်းယားဆီ
ဖြေးဖြေးချင်းရောက်လာပါတယ်။
သူ့အနေနဲ့ အသာလေး ထောင့်ကန်ဘော
လုပ်လိုက်ရင် ဂိုးပေးရနိုင်တဲ့အနေအထားကို
ကာကွယ်ပြီးသားဖြစ်မှာဖြစ်ပေမယ့် သူ့အနောက်မှာ

အသင်းဖော် မက်တိုမီနေး ရှိနေတယ်လို့ ထင်သွားလားမသိဘူး။
ဘောလုံးကို ထောင့်ကန်ဘောလုပ်မပစ်ဘဲ
သူ့ပေါင်ကြားထဲကနေ ဟ ပေးလိုက်ပါတယ်။

အဲဒီဖြစ်ရပ်ကနေ ဘာနာဒိုဆေးလ်ဗားက
ကြားဝင်ကန်သွင်းလိုက်ပြီး သူ့ရဲ့ကန်သွင်းချက်ကို
ယူနိုက်တက်ခံစစ် တားဆီးလိုက်ရာကနေ
ထွက်လာတာကို ဒီဘရိုင်းနားက စီးတီးအတွက်
ဒုတိယမြောက်ဂိုးအဖြစ် အေးဆေးကန်သွင်းသွားတာပါ။

မက်ဂွိုင်းယားရဲ့ဆုံးဖြတ်ချက် အမှားအတွက် ယူနိုက်တက်
ပရိသတ်တွေလည်း ဒေါသထွက်သွားပြီး
ပွဲတောင် မပြီးသေးခင်မှာပဲ လူမှုမီဒီယာကနေ ဝေဖန်ခဲ့ပါတယ်။
”စီးတီးရဲ့စွမ်းဆောင်ရည်ကို
ဒို့ကပ္ပတိန်ကြီးက အစွယ်တပ်ပေးလိုက်သလိုပဲ”

”မက်ဂွိုင်းယားက အသင်းသမိုင်းတစ်လျှောက်
အဆိုးရွားဆုံးခေါ်ယူမှုပဲဗျာ”
”စီးတီးရသွားတဲ့ ပထမနှစ်ဂိုးစလုံးက
သူ့အမှားတွေချည်းပဲ။ သိပ်ဆိုးလွန်းပါတယ်”‘လို့
ယူနိုက်တက်ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။