ထရိန်နင်မှာ ဒဏ်ရာရသွားလို့ အသင်းဟောင်းရီးရဲလ်နဲ့ပွဲကို လွဲချော်ဖွယ်ရှိနေတဲ့ ရာမို့စ်

ပီအက်စ်ဂျီအသင်းနောက်ခံလူရာမို့စ်ဟာ
ထရိန်နင်ဆင်းနေတုန်း ဒဏ်ရာရသွားလို့
အသင်းဟောင်း ရီးရဲလ်နဲ့ကစားရမယ့်
ချန်ပီယံလိဂ်ပွဲကို လွဲချော်ရဖွယ်ရှိနေပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိ စပိန်လက်ရွေးစင်ဟောင်း
ရာမို့စ်ဟာ ရီးရဲလ်မှာ ၁၆ နှစ်ကြာ
ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီက
ပီအက်စ်ဂျီကို ၂ နှစ်စာချုပ်နဲ့ ရောက်လာတာဖြစ်ပြီး
ခြေသလုံးကြွက်သားဒဏ်ရာကြောင့်
ရာသီအစမှာ အနားယူခဲ့ရပါတယ်။


ယခုလည်း ပြင်သစ်သတင်းဌာနတွေရဲ့
ဖော်ပြချက်အရ ရာမို့စ်ဟာ ခြေသလုံးကြွက်သားဒဏ်ရာ
ပြန်လည်ရရှိခဲ့ပြီး ညာဘက်ခြေသလုံးမှာ
ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ထရိန်နင်ပြီးအောင်
မလုပ်လိုက်ရဘူးလို့ သိရပါတယ်။
ရာမို့စ်ဟာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့
အသင်းရဲ့ထရိန်နင်ကို လွဲချော်ခဲ့သလို
ယနေ့ညကစားရမယ့် နိုက်စ်အသင်းနဲ့
ပြင်သစ်လိဂ်ဖလားပွဲကိုလည်း သေချာပေါက်
လွဲချော်မှာဖြစ်ပေမယ့် အဲဒါထက်ပိုဆိုးနိုင်တာက
အသင်းဟောင်း ရီးရဲလ်နဲ့ပွဲကို
လွဲချော်နိုင်မယ့်အချက်ဖြစ်ပြီး ပဲရစ်မှာ
၁၆အသင်းအဆင့် ပ-အကျော့အဖြစ်
ရီးရဲလ်နဲ့ ကစားဖို့လည်း
၁၅ ရက်ပဲ လိုပါတော့တယ်။


ရာမို့စ်အနေနဲ့ နောက်တစ်ပတ်ထဲမှာ
ဒဏ်ရာအခြေအနေကို ထပ်မံစစ်ဆေးမှု
ပြုလုပ်မှာဖြစ်ပေမယ့် နည်းပြ ပိုချက်တီနိုကတော့
သူ့ကို အရဲစွန့်ထုတ်သုံးဖို့ နည်းနေပါတယ်။