တစ်ချိန်က နူးကမ့်ကွင်းအမှတ်တရတွေကို ပြန်အမှတ်ရစေခဲ့တဲ့ အဲလ်ဗက်စ်နဲ့ အယ်လ်ဘာတို့ရဲ့အောင်ပွဲခံမှု

ဘဏ္ဍာရေးပြဿနာ၊ စီမံခန့်ခွဲမှုအမှားတွေနဲ့အတူ
ကျဆင်းနေတဲ့ ဘာစီလိုနာအသင်းဟာ ယမန်နေ့ညကတော့
လာလီဂါချန်ပီယံ အက်သလက်ကို ၄-၂ ဂိုးနဲ့ အနိုင်ယူပြီး
လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာသလို
တစ်ချိန်တုန်းက အောင်မြင်မှုရယူနိုင်ခဲ့တဲ့
အတိတ်ကို ပြန်လည်အမှတ်ရစေခဲ့ပါတယ်။
ဘာစီလိုနာဟာ အဲဒီပွဲမှာ နောက်ကနေ
လိုက်ကစားခဲ့ရပေမယ့် ၄-၁ ဂိုးနဲ့
ဦးဆောင်နိုင်တဲ့အချိန် ခြေစွမ်းပြနိုင်ခဲ့ပြီး
၄-၂ ဂိုးနဲ့ ဦးဆောင်နေချိန် နောက်ခံလူ
အဲလ်ဗက်စ် ထုတ်ပယ်ခံခဲ့ရတောင်
ဂိုးမပေးရအောင် ထိန်းကစားနိုင်ခဲ့ပါတယ်။


အဲဒီပွဲမှာ အဲလ်ဗက်စ်က ကိုယ်တိုင်ဂိုးသွင်းယူနိုင်ခဲ့သလို
အသင်းဖော် အယ်လ်ဘာအတွက်လည်း အကောင်းဆုံး
ဖန်တီးပေးနိုင်ခဲ့ပြီး အယ်လ်ဘာ ဂိုးသွင်းအပြီး
သူတို့နှစ်ယောက်ရဲ့ပူးပေါင်းအောင်ပွဲခံပုံက
တစ်ချိန်က ဘာစီလိုနာအသင်းရဲ့ပုံရိပ်ကို
ပြန်လည်အမှတ်ရစေခဲ့ပါတယ်။
အယ်လ်ဘာဟာ အဲလ်ဗက်စ် အသာလေးခုတ်တင်ပေးလိုက်တာကို
ဧရိယာဘက်ဘယ်ကနေ ဂိုးသမားရဲ့ညာဘက်အပေါ်ထောင့်ထဲ
မြေမကျ လှလှပပကန်သွင်းခဲ့တာဖြစ်ပြီး
ဂိုးသွင်းအပြီး အဲလ်ဗက်စ်နဲ့အတူ အောင်ပွဲခံခဲ့တဲ့ပုံစံက
ဘာစီလိုနာပရိသတ်တွေကို အရင်တုန်းက
အမှတ်တရတွေ ပြန်လည်သတိရစေခဲ့ပါတယ်။


အဲလ်ဗက်စ်က ဒူးနှစ်ဘက်ကို ညွတ်ကာ
လက်ညှိုးထိုးရင်း ပြင်းပြင်းပြပြ
အောင်ပွဲခံခဲ့တာဖြစ်ပြီး အယ်လ်ဘာကလည်း
အဲလ်ဗက်စ်ရဲ့ရှေ့မှာ အပီအပြင်အောင်ပွဲခံ့တာဖြစ်ပါတယ်။
အဲလ်ဗက်စ်ဟာ အဲဒီပွဲမှာ ပွဲချိန် ၆၉မိနစ်အရောက်
အနီကတ်ပြသခံခဲ့ရပေမယ့် ပရိသတ်တွေကတော့
သူတို့နှစ်ယောက်ရဲ့အောင်ပွဲခံမှုဟာ အရင်တုန်းကနဲ့
တစ်ထေရာတည်းပဲဆိုပြီး လူမှုမီဒီယာမှာ
အသီးသီးရေးသားခဲ့ကြပါတယ်။


ဘာစီလိုနာကလည်း အဲဒီပွဲအနိုင်ကြောင့်
အဆင့် ၄ နေရာ ရောက်လာပြီး
အဆင့် ၃ နေရာက ဘက်တစ်နဲ့ တစ်ပွဲလျော့
၂ မှတ်အကွာဆိုတော့ လက်ကျန်ပွဲသာ
အနိုင်ရရင် တတိယနေရာ တက်လှမ်းနိုင်မှာဖြစ်သလို
အဆင့် ၅ နေရာက အက်သလက်ကိုလည်း
၂ မှတ်ဖြတ်ထားတာကြောင့် ရာသီအကုန်မှာ
ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ချက် အားကောင်းလာပါတယ်။