ဇန်နဝါရီမှာ အသင်းကနေလစ်ဖို့ တောင်းဆိုတာမျိုး မရှိခဲ့ဘူးဆိုတဲ့ အမ်ဘာပီ

ပီအက်စ်ဂျီအသင်းကနေပြီး ဖြစ်နိုင်ရင် အမြန်ဆုံး ထွက်သွားဖို့ ဆန္ဒပြင်းပြနေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သတင်းတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့ပေမယ့်လည်း ပဲရစ်ကလပ်ကို ဇန်နဝါရီမှာ စွန့်ခွာဖို့အတွက် တောင်းဆိုတာမျိုး မရှိဘူးလို့ တိုက်စစ်မှူး အမ်ဘာပီက ပြောဆိုလိုက်ပါတယ်။

ပီအက်စ်ဂျီက မာဆေးအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ပြီးတဲ့နောက် အသက် ၂၃ နှစ် အရွယ် ပြင်သစ်လက်ရွေးစင်က အခုလိုမျိုး ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

‘’ကျွန်တော် အရမ်းကို ပျော်နေပါတယ်။ ဇန်နဝါရီမှာ အသင်းကနေ ထွက်ချင်တယ်လို့ ဘယ်တုန်းကမှ မတောင်းဆိုခဲ့ဖူးပါဘူး။

ဒီလို သတင်းတွေ ဘာကြောင့် ထွက်နေသလဲဆိုတာ ကျွန်တော် နားမလည်နိုင်အောင်ကို ဖြစ်ရတယ်။

လူတိုင်းလိုပဲ ကျွန်တော် အံ့အားသင့်ပြီး တုန်လှုပ်နေတာပါ။ ဒီကိစ္စမှာ ကျွန်တော် ပတ်သက်မှုရှိနေနိုင်တယ်လို့ လူတွေက ထင်နေကြတယ်။ တကယ်တော့ ကျွန်တော် ဘာမှကို မသိပါဘူး’’ လို့ အမ်ဘာပီက ပြောဆိုသွားခဲ့ပါတယ်။

နောက်ပြီး ကလပ်အသင်းမှာ ကစားတဲ့အခါ အချုပ်အနှောင် အကျပ်အတည်းတွေ ရှိနေပြီး နိုင်ငံလက်ရွေးစင်အသင်းမှာ ကစားတဲ့အခါ ပိုပြီး လွတ်လပ်တယ်လို့ ပြောဆိုထားခဲ့ဖူးတဲ့ အမ်ဘာပီဟာ

သူ့အနေနဲ့ ပီအက်စ်ဂျီကို စွန့်ခွာသွားချင်တဲ့ ဆန္ဒမျိုး ရှိနေပြီလို့ သတင်းတွေ ထွက်နေတဲ့အပေါ်မှာ လည်း ငြင်းဆန်သွားခဲ့ပါတယ်။

‘’အဲဒါတွေကလည်း လုံးဝကို မှားယွင်းပါတယ်။ ကျွန်တော် အရမ်းကို ပျော်နေတာပါ’’ လို့ ဘာပေက ဖွင့်ဟသွားခဲ့ပါတယ်။

မိုနာကို တိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့ မေလကမှာ ပီအက်စ်ဂျီနဲ့ အတူ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးခဲ့သူဖြစ်ပေမယ့် အသင်းဖော် နေမာနဲ့ ဆက်ဆံရေး

အဆင်မပြေမှုတွေရှိသလို ကန့်လန့်ကာ နောက်ကွယ်မှာလည်း ပွတ်တိုက်မှုလေးတွေ ရှိနေတဲ့အတွက်ကြောင့် အသင်းပြောင်းချင် နေပြီး ရီးရဲလ်ကို ပြောင်းရွှေ့ဖို့ အလားအလာရှိနေတယ်လို့ သတင်းတွေ ထွက်ခဲ့တာဖြစ်ပါတယ်။

(Zawgyi)

===================







