စပါးနဲ့ ယူနိုက်တက်ပစ်မှတ် ဒီယက်ဇ်ကို ဆေးစစ်နိုင်ဖို့ အာဂျင်တီးနားနိုင်ငံထံ အဖွဲ့ စေလွှတ်လိုက်တဲ့ လီဗာပူး

လီဗာပူးဟာ ပြည်တွင်းပြိုင်ဘက်တွေဖြစ်တဲ့
စပါးနဲ့ ယူနိုက်တက်တို့ကို ကျော်ဖြတ်ကာ
ပေါ်တိုတောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကို
ခေါ်ယူဖို့ ကြိုးစားနေရာမှာ အခုလည်း
ဒီပိတ်ရက်အတွင်း အပြောင်းအရွှေ့
ပြည့်စုံစေဖို့ ထပ်မံကြိုးစားလာပါတယ်။
လီဗာပူးဟာ ကိုလံဘီယာလက်ရွေးစင် ဒီယက်ဇ်အတွက်
ပြောင်းရွှေ့ကြေးအဖြစ် ကနဦး ပေါင် ၃၇ သန်းနဲ့
အပိုဆုကြေးပါ ထည့်တွက်ရင် အများဆုံး
ပေါင်သန်း ၅၀ အထိ ကုန်ကျမှာဖြစ်ပြီး
ကမ္ဘာ့ဖလားခြေစစ်ပွဲကစားဖို့ အာဂျင်တီးနား ရောက်နေတဲ့
ဒီယက်ဇ်ကို ဒီပိတ်ရက်အတွင်း ဆေးစစ်နိုင်ဖို့
အသင်းရဲ့ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်လိုက်ပါတယ်။


အသက် ၂၅ နှစ်အရွယ်ရှိ ဒီယက်ဇ်ကို ပရီးမီးယားလိဂ်
ကလပ်အသင်းအများအပြားက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပြီး
သြဂုတ်လက အဲဗာတန်အသင်း ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့်
ပေါ်တိုနဲ့ ဆွေးနွေးညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့ရပါတယ်။
ဒီဈေးကွက်မှာတော့ စပါးနဲ့ ယူနိုက်တက်တို့က
ဒီယက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် လီဗာပူးက
ဘယ်သူမှမထင်မှတ်ထားချိန် ဒီယက်ဇ်လုပွဲထဲ
ဝင်လာပြီး ပြိုင်ဘက်တွေကို အလဲထိုးနိုင်တော့မှာဖြစ်ပါတယ်။
လာမယ့် ၄၈ နာရီအတွင်း အာဂျင်တီးနားမှာ
လီဗာပူးကိုယ်စားလှယ်အဖွဲ့ရဲ့လုပ်ဆောင်ချက်တွေက
အပြောင်းအရွှေ့ဖြစ်၊ မဖြစ်မှာ အဓိကကျလာနိုင်ပြီး
လီဗာပူးအနေနဲ့ အရင်တုန်းက ဒီယက်ဇ်အတွက်
နွေရာသီအထိ စောင့်ဆိုင်းဖို့ ပြင်ဆင်ခဲ့ပေမယ့်
စပါးနဲ့ ယူနိုက်တက်တို့က အသည်းအသန်ကြိုးစားလာလို့
အခုချက်ချင်း ခေါ်ယူဖို့ ကြိုးစားလာတာပါ။


တကယ်လို့ ဒီယက်ဇ်ကိုသာ လီဗာပူးအသင်း
ခေါ်ယူနိုင်ခဲ့ရင် စပါးနည်းပြ ကွန်တီအတွက်တော့
နောက်ထပ်ထိုးနှက်ချက်ဖြစ်လာနိုင်ပြီး ဝုဗ်တောင်ပံကစားသမား
ထရာအိုရေးကို ခေါ်ယူဖို့ ကြိုးစားမှုက အဆင်မပြေဖြစ်နေသလို
ယခုချိန်အထိ ကစားသမားသစ်ခေါ်ယူနိုင်မှုမရှိသေးပါဘူး။