ချဲလ်ဆီးအသင်းပိုင်ရှင် မိုဗစ်ချ်ကို ပိတ်ဆို့အရေးယူတာ မှန်တယ်လို့ ကလော့ပ် ထောက်ခံ

လီဗာပူးအသင်းနည်းပြ ကလော့ပ်က ချဲလ်ဆီးအသင်းပိုင်ရှင်

ရိုမန်အေဘရာမိုဗစ်ချ် စီးပွားရေးပိတ်ဆို့ခံခဲ့ရတာက
မှန်ကန်ကြောင်းနဲ့ အင်္ဂလိပ်ဘောလုံးလောကအနေနဲ့လည်း
ကလပ်အသင်းတွေကို ပိုင်ရှင်တွေက ဘယ်လိုပုံစံနဲ့
ထောက်ပံ့နေလဲဆိုတာ သေချာစွာစစ်ဆေးသင့်တယ်လို့ တိုက်တွန်းပါတယ်။
ကလော့ပ်က ချဲလ်ဆီးအသင်းနည်းပြ တူချယ်အပါအဝင်

ဝန်ထမ်းတွေရဲ့အဖြစ်ကို ကိုယ်ချင်းစာမိပေမယ့်
ဗြိတိန်အစိုးရအနေနဲ့ မဖြစ်မနေမို့
လုပ်လိုက်ရခြင်းဖြစ်နိုင်တယ်လို့ ပြောပါတယ်။

”တူချယ်နဲ့ ကစားသမားတွေအတွက်
ကျွန်တော် ကိုယ်ချင်းစာမိပါတယ်။ ချဲလ်ဆီးဝန်ထမ်းတွေက
ယူကရိန်းကို ကျူးကျော်မှုအတွက် တာဝန်ယူစရာမရှိပါဘူး။
ဒါပေမဲ့ ရုရှားသမ္မတ ပူတင်ကတော့ အဓိကတာဝန်ရှိသူပါ။
အေဘရာမိုဗစ်ချ်အကြောင်း မသိပေမယ့် ပူတင်နဲ့

အရမ်းနီးစပ်လွန်းပြီး ဗြိတိန်အစိုးရရဲ့
လုပ်ဆောင်ချက် မှန်တယ်လို့ ထင်ပါတယ်”လို့ ကလော့ပ်က ပြောပါတယ်။


မိုဗစ်ချ်ဟာ ၂၀၀၃ မှာ ချဲလ်ဆီးကို

အလုံးစုံလွှဲပြောင်းဝယ်ယူပြီးနောက် ငွေကြေးအများအပြား
အသုံးချကာ အသင်းကို အင်အားကြီးအသင်းအဖြစ်
ပြောင်းလဲနိုင်ခဲ့ပြီး ဘောလုံးလောကအနေနဲ့
အသင်းပိုင်ရှင်တွေရဲ့နောက်ခံသမိုင်းကြောင်းကို
လုံလောက်တဲ့စစ်ဆေးမှု ပြုလုပ်နိုင်ပြီလားဆိုတဲ့

မေးခွန်းကို ကလော့ပ်က ”ကျွန်တော့်ကို
ဒီမေးခွန်း လာမေးတာ မတရားဘူးလို့ ထင်ပါတယ်။
မိုဗစ်ချ် ချဲလ်ဆီးကို ဝယ်ချိန်မှာ တစ်ယောက်ယောက်များ
အရေးတယူဆောင်ရွက်ခဲ့တာရှိပါလဲ။ နယူးကာဆယ်ရောပေါ့။
ပိုက်ဆံတွေက ဘယ်ကလာလဲဆိုတာ ကျွန်တော်တို့အားလုံး

သိပေမယ့် ဒါကို လက်သင့်ခံခဲ့ကြတယ်။ ကျွန်တော်တို့အမှားပေါ့”လို့ ပြန်ဖြေပါတယ်။