ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ညိုအတွက် ဆက်သွယ်ချဉ်းကပ်လာတဲ့ ဂျူဗင်တပ်စ်

သတင်းတွေရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းဟာ
ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ညိုကို
ခေါ်ယူဖို့ ဆက်သွယ်ချဉ်းကပ်လာတယ်လို့ သိရပါတယ်။
ဂျူဗင်တပ်စ်ဟာ နည်းပြဟောင်း ဆာရီလက်ထက်ကတည်းက
ဂျော်ဂျင်ညိုကို ခေါ်ယူဖို့ ဆက်သွယ်ချဉ်းကပ်ခဲ့ဖူးပြီး
ယခုလည်း အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရ
အီတလီလက်ရွေးစင်ကို ခေါ်ယူဖို့
ဆက်လက်စိတ်ဝင်စားနေဆဲဖြစ်ကြောင်း သိရပါတယ်။


အသက် ၃၀ အရွယ်ရှိ ဂျော်ဂျင်ညိုဟာ
ကလပ်နဲ့လက်ရွေးစင်အသင်းတို့အတွက်
အရေးပါတဲ့ကစားသမားဖြစ်လာသလို
ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးအသင်းနဲ့အတူ
ချန်ပီယံလိဂ်ဖလား၊ အီတလီအသင်းနဲ့အတူ
ယူရို ၂၀၂၀ ဖလားတွေ ရယူနိုင်ခဲ့ပါတယ်။
သူဟာ ယခုရာသီမှာ ဆက်လက်
ခြေစွမ်းပြနေပြီး ချဲလ်ဆီးအတွက်
ပြိုင်ပွဲစုံ ၂၉ပွဲမှာ ၉ဂိုးအထိ
သွင်းယူထားပေမယ့် လက်ရှိစာချုပ်သက်တမ်းက
၂၀၂၃ နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်လို့
သူ့ရဲ့ရေရှည်အနာဂတ်က မသေမချာဖြစ်နေပါတယ်။


La Gazzetta dello Sport သတင်းဌာနရဲ့ဖော်ပြချက်အရ
ဂျူဗင်တပ်စ်ဟာ ဂျော်ဂျင်ညိုရဲ့ အေးဂျင့်ထံ ဆက်သွယ်
ချဉ်းကပ်ခဲ့သလို တစ်ချိန်တည်းမှာပဲ
ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီယွန်းကိုလည်း
ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။