ပြီးခဲ့တဲ့တနင်္ဂနွေညက အိမ်ကွင်းမှာ လီဗာပူးကို ၃-၂ နဲ့အနိုင်ရခဲ့ပြီးတဲ့နောက်
ဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်စ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို
မျှော်မှန်းနေပါတယ်။
ဂိုးသမားအယ်လစ်ဆန်ရဲ့ကိုယ့်ဂိုးကိုယ်သွင်းမိမှု၊ ဖော်နယ်နဲ့ဇူးမားတို့ရဲ့သွင်းဂိုးတွေနဲ့
ဝက်စ်ဟမ်းဟာ လီဗာပူးကို အခုရာသီမှာ ပထမဆုံးရှုံးပွဲကြုံစေခဲ့တာပါ။
အဲဒီနိုင်ပွဲကြောင့်လည်း ဝက်စ်ဟမ်းဟာ အမှတ်ပေးဇယားမှာ လီဗာပူးကို
ကျော်တက်ပြီး တတိယနေရာရောက်လာကာ ထိပ်ဆုံးက ချဲလ်ဆီးနဲ့ ၃ မှတ်သာ
ကွာတော့တာပါ။ပွဲအပြီးမှာ BBC က သူ့အသင်းဟာ ချန်ပီယံဆုစိန်ခေါ်နိုင်ပြီလားလို့ မေးမြန်းတော့
မိုယက်စ်က”အချိန်တိုင်းမှာ ကျွန်တော် တကယ်အပေါင်းလက္ခဏာဆန်ချင်ပါတယ်။
ကျွန်တော်တို့လုပ်နိုင်တယ်လို့ အဲဒီလိုပြောချင်တာပေါ့ဗျာ။ လောလောဆယ်တော့
အဲဒီလိုမမြင်ပါဘူး။ ကျွန်တော်တို့ဟာ ထိပ်ဆုံး ၄ နေရာကိုတော့ စိန်ခေါ်နိုင်ပါတယ်။
အခွင့်အရေးပေးမယ်ဆိုရင်ပေါ့လေ။ ပြီးခဲ့တဲ့ရာသီက ၂ မှတ်တည်းနဲ့ ချန်ပီယံလိဂ်
ဝင်ခွင့်လွဲချော်ခဲ့တာပါ။ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ”ပြန်ဖြေခဲ့ပါတယ်။
မိုယက်စ်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၄ ပွဲဆက်နိုင်ထားပြီး
ယူရိုပါလိဂ်မှာလည်း အုပ်စုအမှတ်ပေးဇယားကို အမှတ်ဖြတ်ဦးဆောင်နေတာပါ။
ဝက်စ်ဟမ်းဟာ နိုင်ငံတကာကြားဖြတ်အပြီး ပရီးမီးယားလိဂ်မှာ ဝုဗ်နဲ့
အဝေးကွင်းသွားရောက်ရင်ဆိုင်ရဖို့ ရှိပါတယ်။
မိုယက်စ်ဟာ မန်ယူကိုနည်းပြစဉ်က တစ်ရာသီအပြည့်အဝတောင် မခံခဲဘဲ
အထုတ်ခံခဲ့ရကာ အဲဒီနောက် ဆိုစီဒက်၊ ဆန်းဒါးလန်းနဲ့ ဝက်စ်ဟမ်းကို
ပထမအကြိမ်ကိုင်တွယ်တုန်းကလည်း အောင်မြင်မှု မရခဲ့ပါဘူး။
သူဟာ တစ်ကျော့ပြန်ဝက်စ်ဟမ်းနည်းပြဘဝမှာမှ ရလဒ်ကောင်းတွေ
ဆက်တိုက်ရယူနိုင်နေတာပါ။