ချန်ပီယံလိဂ်ဝင်ခွင့်က အာဆင်နယ်လက်ထဲ ရောက်သွားပြီလို့ ကာရေဂါ သုံးသပ်

လီဗာပူးအသင်းနောက်ခံလူဟောင်း ဂျေမီကာရေဂါက
ယခုရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အာဆင်နယ်အသင်းအနေနဲ့
ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိထားတယ်လို့ သုံးသပ်ပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက်
ဝက်စ်ဟမ်း၊ ယူနိုက်တက်၊ စပါး၊ ဝုဗ်တို့နဲ့
အားပြိုင်နေရပြီး လက်ရှိအချိန်မှာ အဆင့် ၄နေရာက
ဝက်စ်ဟမ်းနဲ့ ၂ မှတ်အကွာ၊ ၃ပွဲ လျော့နဲ့
အဆင့် ၆နေရာမှာ ရပ်တည်နေသလို
အဆင့် ၅ နေရာက ယူနိုက်တက်နဲ့လည်း
၂ပွဲလျော့၊ ၁မှတ်ပဲ ကွာဟနေပါတယ်။


ယူနိုက်တက်နဲ့ စပါးတို့က ရလဒ်တွေ
တောက်လျှောက်ဆိုးရွားနေချိန်မှာ
အာဆင်နယ်ကတော့ ကြားရက်အတွင်း
ဝုဗ်ကို ဝ-၁ ဂိုးနဲ့အနိုင်ရခဲ့ပြီး
ကာရေဂါက အာဆင်နယ်အနေနဲ့
ချန်ပီယံလိဂ်ဝင်ခွင့်ရသွားလိမ့်မယ်လို့ ထောက်ခံပါတယ်။
”ထိပ်ဆုံး ၄သင်းစာရင်းဝင်ဖို့ ဝက်စ်ဟမ်းအတွက်
ခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်။ အာဆင်နယ်က
ဝုဗ်ကို အနိုင်ရလိုက်တာ တော်တော်ကောင်းသွားတယ်။
အာဆင်နယ်က လက်ထဲမှာ ပွဲကျန်တွေ
အများကြီးရှိသလို ဥရောပပွဲတွေလည်း
ကစားစရာမလိုဘူးဆိုတော့ ချန်ပီယံလိဂ်
ဝင်ခွင့်အတွက် အလေးသာနေပါတယ်”လို့
ကာရေဂါက ပြောသွားပါတယ်။


အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီက
အဆင့် ၈နေရာနဲ့သာ အဆုံးသတ်ခဲ့ရလို့
ယခုရာသီမှာ ဥရောပပွဲတွေနဲ့ ဝေးကွာခဲ့ရပြီး
ယူနိုက်တက်ကတော့ ချန်ပီယံလိဂ်
၁၆သင်းအဆင့်ပွဲစဉ်အဖြစ် ဒီလထဲမှာ
အက်သလက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
စပါးကလည်း ဝက်စ်ဟမ်းထက် ၃ပွဲ
လျော့ကစားထားပေမယ့် အသင်းက
နောက်ဆုံး ၃ပွဲဆက် အရေးနိမ့်ထားပြီး
ရလဒ်တွေ ဆိုးရွားနေပါတယ်။