ချန်ပီယံလိဂ်ပြန်ကစားခွင့်ရဖို့ အရေးပါတဲ့ရက်သတ္တပတ်ကို ကျော်ဖြတ်ရမယ်လို့ ရှာကာဖွင့်ဟ

အာဆင်နယ်အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ ပြန်လည်ပါဝင်ခွင့်ရဖို့

အရေးပါတဲ့ရက်သတ္တပတ်ကို ဖြတ်သန်းရတော့မှာဖြစ်တယ်လို့
ကွင်းလယ်လူ ရှာကာက ဖွင့်ဟလိုက်ပြီး ၄ရက်အတွင်း
လီဗာပူး၊ အက်စတွန်ဗီလာတို့နဲ့ ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
အာဆင်နယ်ဟာ တနင်္ဂနွေနေ့က ၅ပွဲဆက်အနိုင်အဖြစ်
လက်စတာကို ၂-ဝဂိုးနဲ့အနိုင်ရခဲ့ပြီးနောက်

ချန်ပီယံလိဂ်ဝင်ခွင့်ရ နောက်ဆုံနေရာဖြစ်တဲ့
အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။


အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့မှာ လီဗာပူးကို

ဧည့်ခံရမှာဖြစ်ပြီး အဲဒီနောက် စနေနေ့မှာ
ဗီလာနဲ့ အဝေးကွင်းပွဲ ကစားရမှာဖြစ်ရာ
ရှာကာက ယခုရာသီရဲ့ နောက်ဆုံး
နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် အဲဒီပွဲတွေက
အသင်းအတွက် အရေးပါတဲ့ပွဲတွေဖြစ်ကြောင်း ဆိုပါတယ်။

”ပြိုင်ဘက်တွေရဲ့ရလဒ်ကိုလည်း စောင့်ကြည့်ရမှာဖြစ်ပေမယ့်
ကျွန်တော်တို့အသင်းလည်း နိုင်ပွဲတွေဆက်နေပါတယ်။
ကျွန်တော်တို့ဟာ ၅ပွဲဆက်အနိုင်ရထားပြီး အခုဆိုရင်
ဗုဒ္ဓဟူးနေ့မှာ လီဗာပူးနဲ့ ပွဲကြီးပွဲကောင်းကစားရပါမယ်။


နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် ဒီပွဲတွေက
အရေးကြီးတဲ့ပွဲတွေမှန်း ကျွန်တော်တို့ သိနားလည်ထားပါတယ်။
လီဗာပူးအသင်းရဲ့အရည်အသွေးကိုလည်း သိထားပါတယ်။
သူတို့ဟာ ပရီးမီးယားလိဂ်မှာသာမက ဥရောပမှာပါ

အကောင်းဆုံးအသင်းတစ်သင်းဖြစ်ပြီး ကျွန်တော်တို့ဘက်က
မိနစ် ၉၀လုံး အပြည့်အဝအာရုံစိုက်ထားဖို့လိုအပ်ပါတယ်”လို့
ရှာကာက ပြောပါတယ်။
အာဆင်နယ်ဟာ လက်စတာနဲ့ပွဲမှာ နိုင်ပွဲနဲ့
ထိုက်တန်တဲ့ခြေစွမ်း ထုတ်ပြနိုင်ခဲ့ပြီး ရှာကာက အထူးသဖြင့်

ဘောက်ဆင်ဒေးနောက်ပိုင်း ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တဲ့
အသင်းဖော်တိုက်စစ်မှူး လာကာဇက်အပေါ် အားရကျေနပ်နေပါတယ်။