ခံစားမှုအနိမ့်အမြင့်တွေနဲ့ စိတ်မောစရာကောင်းခဲ့တဲ့ ဆီနီဂေါတိုက်စစ်မှူး မာနေးရဲ့အဖြစ်

ဆီနီဂေါတိုက်စစ်မှူး ဆာဒီယိုမာနေးဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့
၁၆သင်းအဆင့်ပွဲမှာ ခံစားမှုမျိုးစုံဖြစ်ပေါ်စေခဲ့ပြီး
စိတ်မချမ်းမြေ့စရာ ခေါင်းချင်းတိုက်မိတဲ့ဖြစ်ရပ်ကြောင့်
မြက်ခင်းပေါ် ဒလိမ့်ခေါက်ကွေး လဲကျသွားပေမယ့်
အားတင်းကာ ပြန်ကစားခဲ့ပြီးနောက်
လှပတဲ့ဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဦးဆောင်ဂိုးသွင်းပြီး သိပ်မကြာခင်မှာတော့
အဲဒီဦးခေါင်းဒဏ်ရာကြောင့်ပဲ လူစားလဲခံလိုက်ရပါတယ်။
ကိတ်ဗာဒီအသင်းလည်း ကစားသမား ၂ဦးအထိ
ထုတ်ပယ်ခံခဲ့ရပြီး လီဗာပူးတိုက်စစ်မှူးမာနေးကို
ပင်နယ်တီဧရိယာအပြင်ဘက် ထွက်ကာ ခေါင်းချင်း
တိုက်ခဲ့တဲ့ ဂိုးသမား ဗိုဇင်ညာလည်း
တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။


ဒုတိယပိုင်းပြန်စလို့ သိပ်မကြာခင်
ဂိုးသမား ကန်တင်ပေးလိုက်တာကို မာနေး
ပြေးလိုက်ရယူဖို့ ကြိုးစားစဉ် ဗိုဇင်ညာက
ဧရိယာထဲကနေ ပြေးထွက်လာကာ
မာနေးကို ခေါင်းချင်းဆိုင်တိုက်လိုက်တာဖြစ်ပါတယ်။
မာနေးလည်း မြက်ခင်းပေါ် ကိုးရိုးကားယား
လဲကျသွားပြီး ကွင်းထဲမှာ အချိန်အတော်ကြာ
အရေးပေါ်ကုသမှုခံယူခဲ့ရပါတယ်။
ဒါပေမဲ့ မာနေးဟာ နိုင်ငံချစ်စိတ်နဲ့အတူ
ပွဲဆက်ကစားဖို့ ဆုံးဖြတ်လိုက်ပြီး
ပွဲချိန် ၆၃ မိနစ်မှာ လှပတဲ့ဂိုးနဲ့အတူ
အသင်းအတွက် ဦးဆောင်ဂိုးပါ ရယူနိုင်ခဲ့ပါတယ်။


ပင်နယ်တီဧရိယာထဲ ပြန်ကျလာတာကို
မာနေးက တစ်ချက်ထိန်းပြီး ဂိုးသမားရဲ့
ဘယ်ဘက်အပေါ်ထောင့်ထဲ
အသာလေး Bar Shot ကန်သွင်းလိုက်တာဖြစ်ပါတယ်။
သူ့ရဲ့ကန်ချက်ကို ကိတ်ဗာဒီနောက်ခံလူတစ်ဦး
ဂိုးစည်းပေါ်ကနေ ခေါင်းတိုက်ရှင်းထုတ်ဖို့
ကြိုးစားပေမယ့် ဘယ်လိုမှမတားဆီးနိုင်ခဲ့ဘဲ
ဘောလုံးက ဘားအောက်ခြေထိကာ ဂိုးသွားတာပါ။
ဒါပေမဲ့ မာနေးဟာ ဂိုးသွင်းအပြီး ၇မိနစ်အကြာမှာတော့
ပွဲဆက်ကစားနိုင်ဖို့ အခြေအနေမရှိတော့လို့
ဒီယန်နဲ့ လူစားလဲခံခဲ့ရပါတယ်။
ဆီနီဂေါဟာ ကိတ်ဗာဒီကို ၂-၀ ဂိုးနဲ့အနိုင်ယူကာ
ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပြီး
မာလီ-အီကွေတိုရီရယ်ဂီနီပွဲက
အနိုင်ရမယ့်အသင်းနဲ့ တနင်္ဂနွေနေ့မှာ
ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။