ခါးသီးပြိုင်ဘက် အီရတ်ကို အနိုင်ယူပြီး ခြေစစ်ပွဲအောင် ပထမဆုံးအာရှအသင်းဖြစ်လာတဲ့ အီရန်

အနောက်အာရှအင်အားကြီး အီရန်အသင်းဟာ ခါးသီးပြိုင်ဘက်
အီရတ်ကို ၁-၀ ဂိုးနဲ့အနိုင်ယူကာ
၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့
ပထမဆုံးအာရှအသင်းဖြစ်လာပါတယ်။
အီရန်နိုင်ငံ၊ တီဟီရန်မြို့ရှိ အဇာဒီကွင်းကြီးထဲ
ကျင်းပပြုလုပ်ခဲ့တဲ့ အဲဒီပွဲကို ပရိသတ်ပေါင်း
၁၀၀၀၀ လာရောက်အားပေးခဲ့တဲ့အနက်
အမျိုးသမီးပရိသတ်တွေလည်း ၃နှစ်အတွင်း
ပထမဆုံးအကြိမ်အဖြစ် ကွင်းထဲလာကြည့်ခွင့်
ရခဲ့ပြီး အီရန်အသင်းက တာရာမီရဲ့တစ်လုံးတည်းသော
ဂိုးနဲ့အတူ အမှတ်ပြည့်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။


ဒီနိုင်ပွဲကြောင့် အီရန်အသင်းဟာ လက်ကျန်ပွဲကစားဖို့
၃ပွဲအလိုမှာ တတိယနေရာက ယူအေအီးအသင်းကို
၁၀ မှတ်အထိ ဖြတ်ထားနိုင်ခဲ့လို့ အခုလို
စောစောစီးစီး ခြေစစ်ပွဲအောင်မြင်သွားတာဖြစ်ပါတယ်။
ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့်
ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အီရန်အသင်းအနေနဲ့
သမိုင်းတစ်လျှောက် ၆ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ်
ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာဖြစ်ပြီး အရင်တုန်းက
၁၉၇၈၊ ၁၉၉၈၊၂၀၀၆၊ ၂၀၁၄နဲ့ ၂၀၁၈ ပြိုင်ပွဲတွေမှာ
ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။


လက်ရှိအချိန်အထိ ခြေစစ်ပွဲအောင်မြင်တာ
၁၄သင်းအထိရှိလာပြီဖြစ်ပြီး ဒိန်းမတ်၊
ဘရာဇီး၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ အင်္ဂလန်၊ ခရိုအေးရှား၊
စပိန်၊ ဆားဘီးယား၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ အာဂျင်တီးနား၊
အီရန်နဲ့ အိမ်ရှင်ကာတာတို့ဖြစ်ပါတယ်။
ဒေသတွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ
လက်မှတ်ပေါင်း ၁၀၀၀၀ အနက် ၂၀၀၀ က
အမျိုးသမီးပရိသတ်တွေဖြစ်ကြောင်း သိရပါတယ်။