ကိုရီးယားစကားနားလည်သလိုပုံစံမျိုးနဲ့ အထာဖမ်းခဲ့တဲ့ အိုဘိုယေးရဲ့ ရယ်စရာကောင်းတဲ့ဖြစ်ရပ်

အာဆင်နယ်နောက်ခံလူဟောင်း အီဘိုယေးဟာ
ဘောလုံးလောကရဲ့လူရွှင်တော်တစ်ဦးအဖြစ်
တင်စားခံခဲ့ရသူဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ
သူ့ရဲ့ဟာသလုပ်ရပ်က ၁၂ နှစ်ကြာလာတာတောင်
ပရိသတ်တွေရဲ့ရင်ထဲမှာ မမေ့နိုင်သေးပါဘူး။
၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်
၂၀၁၀၊ ဇွန်လ ၂၅ ရက်နေ့မှာ အိုင်ဗရီကို့စ်နဲ့
မြောက်ကိုရီးယားတို့ ရင်ဆိုင်ခဲ့တုန်းက အိုင်ဗရီကို့စ်အသင်း
၃-၀ ဂိုးနဲ့ ဦးဆောင်နေစဉ် ပွဲပြီးခါနီးမှာ
မြောက်ကိုရီးယားအသင်းနည်းပြ ကင်မ်ဂျုံဟွန်းက
သူ့အသင်းခေါင်းဆောင်ကို တစ်ခုခုမှာကြားဖို့အတွက်
လှမ်းခေါ်လိုက်ပါတယ်။ ညာနောက်ခံလူ အီဘိုယေးကလည်း
မြောက်ကိုရီးယားအသင်းခေါင်းဆောင် ဟောင်ယွန်းဂျိုနဲ့အတူ
မြောက်ကိုရီးယားနည်းပြနား လိုက်ကပ်သွားပါတယ်။


အဲဒီမှာ အီဘိုယေးက ကိုရီးယားစကား နားမလည်ပေမယ့်
ခေါင်းတငြိမ့်ငြိမ့်နဲ့ သူ့ကို ပြောသလိုပုံစံမျိုး
အထာဖမ်းပြီးနောက် ကွင်းထဲ ပြန်ပြေးဝင်သွားပါတယ်။
အဲဒီဖြစ်ရပ်အပြီး ၆ နှစ်အကြာမှာ အီဘိုယေးက
”အဲဒီအချိန်တုန်းက ခေါင်းထဲ ဘယ်လိုအတွေးမျိုး
ဝင်သွားတာလဲဆိုတာတောင် မသိခဲ့ပါဘူး။
မြောက်ကိုရီးယားနည်းပြက သူ့ရဲ့အသင်းခေါင်းဆောင်ကို
လှမ်းခေါ်လိုက်ချိန်မှာ ကျွန်တော်က လိုက်သွားတော့
သူက ကျွန်တော့်ကို ကိုရီးယားစကား ပြောတတ်လားလို့
မေးခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်လည်း နားမလည်ဘူး၊
ဒါပေမဲ့ နည်းနည်းတော့ရတယ်လို့ ပြောလိုက်တော့
သူက ရယ်မောခဲ့ပါတယ်။ ဒါက ရယ်စရာဖြစ်ခဲ့ပါတယ်။


ကျွန်တော်တို့ရဲ့နောက်ဆုံးပွဲဆိုတော့ နောက်တစ်နေ့မှာ
လေယာဉ်ကွင်းကို အတူတူသွားကြတာပေါ့။
အဲဒီမှာ မြောက်ကိုရီးယားကစားသမားတစ်ဦးက
ကျွန်တော့်ကို သူတို့ဘာသာစကား ပြောတတ်လားဆိုပြီး
လာမေးပါတယ်။ ကျွန်တော်လည်း ရက်စ်လို့ ပြန်ပြောလိုက်တာပေါ့။
အဲဒါနဲ့ သူက ဒါဆို မင်္ဂလာနံနက်ခင်းပါကို ကိုရီးယားလို
ဘယ်လိုပြောလဲဆိုပြီး မေးလာပါတယ်။ ကျွန်တော်လည်း
သိသလိုလိုနဲ့ ဖြီးလိုက်တော့ သူ အူလှိမ့်အောင် ရယ်တော့တာပါပဲ”လို့
ပြန်ပြောင်းပြောခဲ့ပါတယ်။