ကိဗ်မြို့မှာ အမေနဲ့ အစ်မဖြစ်သူတို့ အဝိုင်းခံနေရဆဲဖြစ်ကြောင်း ရှက်ဗ်ချန်ကို ဖွင့်ဟ

ယူကရိန်းဂန္ထဝင် ကစားသမားကြီး ရှက်ဗ်ချန်ကိုက ယူကရိန်းနိုင်ငံထဲ

ရုရှားစစ်တပ်တွေ အကြမ်းဖက်ကျူးကျော်လာတာ ၂ ပတ်ရှိနေပြီဖြစ်ပေမယ့်
ကိဗ်မြို့မှာ သူ့အမေနဲ့ အစ်မတို့ အဝိုင်းခံ
ပိတ်မိနေဆဲဖြစ်ကြောင်း စကိုင်းစပို့တ်သတင်းဌာနကို ပြောပါတယ်။
ယူကရိန်းမြို့တော်မှာ အစာရေဆာ ရှားပါးပြတ်လပ်နေပေမယ့်
မိခင်ရော အစ်မဖြစ်သူပါ ကျန်းမာရေးကောင်းမွန်နေပြီး

သူတို့ရဲ့အိမ်မှာပဲ ဆက်နေဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့
ယူကရိန်းနည်းပြဟောင်းလည်းဖြစ်တဲ့ ရှက်ဗ်ချန်ကိုက ပြောပါတယ်။


ရှက်ဗ်ချန်ကိုရဲ့မိသားစုဝင်တွေအနက် နှစ်ဦးက

ကိဗ်မြို့ရဲ့ အနောက်ဘက် ၂၅ ကီလိုမီတာအကွာမှာ
ရှိတဲ့ ဘူချာမြို့ကနေ ဒုက္ခသည်တွေအဖြစ် ထွက်ပြေးခဲ့ရပါတယ်။
”အဲဒီမှာ တိုက်ပွဲတွေကတော့ အများကြီးဖြစ်နေပါတယ်။
အမေနဲ့ အစ်မတို့က အခြေအနေသိပ်မကောင်းတဲ့
လူတွေနဲ့အတူ ရှိနေပါတယ်။ ဘူချာမြို့မှာ

အစားအစာမရှိသလို လျှပ်စစ်မီးလည်း မလာပါဘူး။
အဲဒီဒဏ်ရာရနေသူတွေကလည်း အစ်မရဲ့
သူငယ်ချင်းတွေဖြစ်ပြီး မြေအောက်အခန်းထဲမှာ
၅ ရက်လောက် ပုန်းအောင်းခဲ့ရပါတယ်။
ပြီးတော့ အဲဒီနားတစ်ဝိုက်ကိုလည်း

ဗုံးတွေ မကြာခဏကျရောက်ပေါက်ကွဲပါတယ်။
ကျွန်တော်လည်း လူငယ်ကစားသမားဘဝတုန်းက
ဘူချာမြို့မှာ ထရိန်နင်ဆင်းခဲ့ဖူးပါတယ်”လို့
ရှက်ဗ်ချန်ကိုက ပြောပါတယ်။


ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ရှက်ဗ်ချန်ကိုက
ကိဗ်မြို့ကနေ သူ့မိသားစု ထွက်ပြေး
လွတ်မြောက်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့်
သူတို့ ထွက်ခွာချင်ရင်တောင် အခုချိန်မှာ

ထွက်သွားလို့မရကြောင်း ပြောပါတယ်။